History

Without history, there would be no future.

ကံထူထွဋ်ခေါင် ပိတ်ချင်းမြောင် မဟာနန္ဒမူလိုဏ်ဂူ

ပြင်ဦးလွင်ကို ရောက်ပြီဆိုရင်ဖြင့် ပိတ်ချင်းမြောင်သို့ မဖြစ်မနေ သွားရောက် လည်ပတ်စေချင်ပါသည်။

ဘုရားလည်းဖူးရင်း တောတောင်ရေတံခွန်မှာပါ အပန်းဖြေ ဆော့ကစားနိုင်သေးသဖြင့် တစ်ချက်ခုတ် နှစ်ချက်ပြတ် အကျိုးများလှသည့် ခရီးဟု ဆိုချင်သည်။ ပိတ်ချင်းမြောင်ဟု ခေါ်တွင်ရခြင်းမှာ လိုဏ်ဂူရှေ့တွင် ဆေးဖက်ဝင် ပိတ်ချင်းပင်များ ထူထပ်ပေါများစွာ ပေါက်ရောက်ခဲ့သောကြောင့်ဟု သိရသည်။ လမ်းညွှန်ရမည်ဆိုရင်တော့ ပြင်ဦးလွင်မြို့ အရှေ့ဘက် ၁၂မိုင်ခန့်အကွာ ဝက်ဝံကျေးရွာ၏ တောင်ဘက် ၂မိုင်ခန့် အကွာတွင် တည်ရှိသည်။

ယာဉ်ရပ်နားစခန်းမှ ကြိုးတံတားကို ဖြတ်သန်းပြီးနောက် ပိတ်ချင်းမြောင်လိုဏ်ဂူသို့ သွားရာလမ်းတစ်လျှောက်တွင် ဒေသထွက်ကုန်များ အလျှံပါယ် ရောင်းချနေသည့် ဈေးတန်းကြီးကို ရှေးဦးစွာ တွေ့ရပေလိမ့်မည်။

ဈေးတန်းအဆုံး လှိုဏ်ဂူအဝတွင် ကျောက်ရေတံခွန်ငယ်လေးအတိုင်း စီးဆင်းနေသည့် စိမ့်စမ်းရေတံခွန်ငယ်လေး ရှိသေးတယ်။

လှိုဏ်ဂူထဲသို့ မဝင်ခင် ပိတ်ချင်းမြောင်လှိုဏ်ဂူသည် မည်သို့မည်ပုံ ဗုဒ္ဓသာသနာ့နယ်မြေ ဖြစ်လာသလဲဆိုသည်ကို ရှေးဦးစွာ စူးစမ်းစေလိုသည်။ ထိုမှသာ ဂူထဲရောက်သည့်အခါ မည့်သည့်နေရာတွေကတော့ မဖြစ်မနေ သွားရောက်ဖူးမျှော်သင့်သလဲဆိုတာကို သိရှိနိုင်သလို၊ ဝတ်ပြုသည့်အခါ ကြည်ညိုသဒ္ဒါစိတ်လည်း ပိုတိုးလို့ လာပေလိမ့်မည်။

လွန်ခဲ့သော နှစ်ပေါင်း၂၅၆၀ထက် မနည်း ရှေးကျသော အချိန်က ဂေါတမမြတ်ဗုဒ္ဓသည် မဇ္ဈိမဒေသမှ ဝေလ္လဗေဝတောင်သို့ ဒေသစာရီ ကြွချီတော်မူခဲ့သည်။ ထိုတောင်အနီးတွင် နေထိုင်သော စိန္တပါလလုလင်သည် မြတ်စွာဘုရားအား ဖူးမြင်ရပြီးနောက် ကြည်ညိုသဒ္ဒါစိတ် ဖြစ်ပေါ်လာကာ သစ်သီးဆွမ်းများ ကပ်လှူပူဇော်သည်။ မြတ်စွာဘုရားသည် လုလင်အား ပိတ်ချင်းမြောင်လှိုဏ်ဂူကို ညွှန်ပြပြီး နောင်တစ်ချိန်တွင် သာသနာ ထွန်းကားမည့်ဒေသဖြစ်ကြောင်း ဗျာဒိတ်ခြွေခဲ့သည်။ မြတ်စွာဘုရား ပြန်ကြွသွားပြီးနောက် စိန္တပါလလုလင်သည် တောတွင်းမှ ကျွန်းသစ်အမြူတေကို ကံထူးစွာ ရရှိခဲ့လေသည်။ ထိုကျွန်သစ်အမြူတေအား မြတ်စွာဘုရားအား ရည်မှန်းပြီး ဗုဒ္ဓဆင်းတုတော် သုံးဆူထုလုပ်ပြီးနောက် ဂူအတွင်းတွင် ထားရှိ ကိုးကွယ်ခဲ့သည်။

စိန္တပါလအမျိုးသား လွန်ပြီးနောက် နှစ်ပေါင်းများစွာ တိမ်မြှုပ်နေသော ဗုဒ္ဓရုပ်ပွားတော်သုံးဆူသည် အနော်ရထာမင်း လက်ထက်တွင် တမျိုးတဖုံ ပြောင်းလဲခဲ့သေးသည်။ အနော်ရထာမင်း၏ မိဖုရားစောမွန်လှသည် ပုဂံပေါက္ကံပြည်မှ မွေးရပ်မြေသို့ ပြန်လာစဉ် လမ်းခရီး၌ ဝေလ္လဗေဝတောင်အနီးသို့ ရောက်သောအခါ လှိုဏ်ဂူအတွင်းမှ ရောင်ခြည်တော်များ ဂူပြင်ပသို့ ကွန့်မြူးဖြာထွက်လာသည်ကို တွေ့မြင်ကြရသည်။ ကိုယ်ရံတော် စပ်နောင်လှအား စုံစမ်းစေရာ လှိုဏ်ဂူအတွင်းတွင် စံပယ်နေသော ကျွန်းအမြူတေဆင်းတုတော် သုံးဆူရှိကြောင်း သိရသည်။ မိဖုရားစောမွန်လှသည် ပေါက္ကံပြည်မှ တပါတည်း ယူဆောင်လာခဲ့သော ဓာတ်တော်မွေတော်များနှင့် ရဟန္တာဓာတ်တော်များထဲမှ အချို့ကို ကျွန်းအမြူတေဆင်းတုတော် သုံးဆူအတွင်း ထည့်သွင်း ဌာပနာစေသည်။ ကြွင်းကျန်နေသော ဓာတ်တော်အချို့ကို ဂူအတွင်းမှ အမြင့်ဆုံးတွင် တည်ရှိသည့် သုံးဆင့်မြောက် နေရာတွင် ဖွက်ထားစေခဲ့သည်။

ရာသီအလီလီပြောင်းလဲ ကုန်ဆုံးပြီးနောက် ရှေးလူတို့သည် ရှေးအဆိုအတိုင်း ပိတ်ချင်းမြောင်လှိုဏ်ဂူအတွင်း ဝင်ရောက် ရှာဖွေကြရာ ကျွန်းအမြူတေရုပ်ပွားတော်သုံးဆူနှင့် ရဟန္တာဓာတ်တော်များကို တွေ့ရှိခဲ့သည်။ ကျွန်းအမြူတေရုပ်ပွားတော်သုံးဆူကို ဌာပနာပြီး ၉တောင်ပြည့် စေတီတစ်ဆူတည်ပြီး ကံထူထွဋ်ခေါင်စေတီဟု ဘွဲ့အမည် ဆပ်ကပ်ခဲ့သည်။ ထို့ပြင် ကံထူးတံခွန်စေတီငယ်နှစ်ဆူကိုလည်း တည်ထားခဲ့သေးသည်။ နှစ်အတိအကျ ပြလာနိုင်သည်ကတော့ ၁၉၈၉ခုတွင် တည်ခဲ့သော ရဟန္တာဓာတ်တော်များ ဌာပနာထားသည့် နဂါးရုံဘုရားမှ စတင်သည်။

နောက်ပိုင်းတွင် ပိတ်ချင်းမြောင်လှိုဏ်ဂူ၏ ဂုဏ်သတင်းသည် ဗုဒ္ဓဘာသာဝင်တို့အကြား ကျော်ကြားလာသည်နှင့်အမျှ သူ့ထက်ငါ တည်လာကြသော ရုပ်ပွားတော်များက လှိုဏ်ဂူတလျှောက် များပြားလှသည်။ စာဖတ်သူတို့ သွားဖြစ်မည်ဆိုလျှင် ဓာတ်တော်မွေတော်များ ထည့်သွင်းမြှုပ်နှံထားသည့် ကျွန်းအမြူတေရုပ်ပွားတော်သုံးဆူ ထည့်သွင်းဌာပနာထားသော ကိုးတောင်ပြည့် ကံထူထွဋ်ခေါင်စေတီကို တခုပ်တရ ဖူးခဲ့စေချင်သည်။

ဂူအဝ ပေ၂၀ကျယ်ပြီး ပေ၁၆၀၀ ရှည်သော လှိုဏ်ဂူတလျှောက် လေ့လာပြီးရင်တော့ လှိုဏ်ဂူ၏ ညာဘက်လမ်းအတိုင်း သွားရသော သုံးထပ်ရေတံခွန်သို့ ဆက်သွားနိုင်သေးသည်။

အလွန်ဆုံးရှိမှ ၁၅မိနစ်လောက်သာ လျှောက်ရမည်။

သုံးဆင့်ရေတံခွန် ဝန်းကျင်သည် အုံးမှိုင်းနေသော သစ်တောအုပ်ကြီးထဲတွင် ရှိနေသည်ကတကြောင်း၊ တောင်ပေါ်ဒေသ ဖြစ်သည်ကတစ်ကြောင်းကြောင့် ချမ်းစိမ့်စိမ့်နိုင်လှသည်။

ရေတံခွန်မှ စီးကျလာသော စမ်းချောင်းလေးသည် စိမ်းမြကြည်လင်သော အရောင်အသွေးကို ဆောင်သည်။

ပင်မရေတံခွန်ဆီသို့သွားရန် ရေစီးကြောင်းကြောင့် သဘာဝအတိုင်းဖြစ်တည်နေသော ကျောက်ဖျာကြီးအတိုင်း သတိထား ဖြတ်သန်းဖို့လိုသည်။ ရေစီးက ပြေပြေလေး ဆိုပေမယ့် ကျောက်သားများက ချောကျိကျိနိုင်သလို၊ စိမ့်စမ်းရေကလည်း အေးစိမ့်စိမ့်နိုင်သည်။

ရေတံခွန်တွင် ရေဆော့ကစားနေသူများ၊ အလှဓာတ်ပုံလာရိုက်သူများ၊ ပျော်ပွဲစားထွက်လာလူများနှင့် စည်ကားနေတတ်ကြောင်း သတင်းပါးရင်း တော်သေးပြီ။

Ref: ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူတော် ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း စာအုပ်

Chan Myae Ei
#travellerchan

Copyright © 2018 Traveller Chan. All Rights Reserved.